Tuesday, September 27, 2011

“လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်”

ရှေ့နေ ကိုဖိုးဖြူသည် လယ်မြေများ အသိမ်းခံနေရသည့် ဒေသအသီးသီးမှ လယ်သမားများကို ကူညီနေသူဖြစ်သည်။ ကိုဖိုးဖြူ ခေါ် ကိုရန်နိုင်အောင်သည် ၂၀၀၉ ခုနှစ်က မကွေးတိုင်းအတွင်းမှ လယ်ယာမြေအမှုတခုအတွက် လိုက်ပါဆောင်ရွက်စဉ် ဖမ်းဆီးအကျဉ်းချခံရသည်။ ထောင်မှ လွတ်မြောက်ပြီးနောက် လယ်သိမ်းခံရသူ လယ်သမားများအရေးကိုသာမက ကလေးစစ်သား အမှုများ၊ ပင်လယ်ထဲမျောပါသွားသည့် ရေလုပ်သားများ လျော်ကြေး နှင့် နစ်နာကြေး ရရှိရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မကြာမီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းများသို့ သွားရောက်၍ လယ်သမားများ အရေး ဆောင်ရွက်ခဲ့သူ ကိုဖိုးဖြူကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ်မေးမြန်းထားပါသည်။

PhoePhyu

ရှေ့နေ ကိုဖိုးဖြူ

မေး။ ။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက လယ်သမားတွေ ဘာကြောင့် လယ်သိမ်းခံရသလဲ ဆိုတာ ပြောပြပါ။

ဖြေ။ ။ လယ်သမား တဦးချင်းစီအတွက် တဧကချင်းစီပေါ်မှာ ပေးတဲ့ စိုက်ပျိုး စရိတ်က ၂ သောင်းပဲ ရတဲ့ အတွက် ဒီလို စိုက်ပျိုးစရိတ် မလုံလောက်တဲ့ အတွက် ဒီလို နေရာ လက်လွတ် ဆုံးရှုံးရတဲ့ ပြဿနာရပ်တွေ ပေါ်ပေါက်နေတယ်။

ဧရာဝတီတိုင်းမှာ ငွေရှင်တွေဆီမှာ တောင်သူလယ်သမားတွေက ငွေချေးရ၊ ငှားရတယ်။ ချေးရငှားရတဲ့ အခါမှာ ၁၀ တိုးတွေ၊ ၁၅ ကျပ်တိုးတွေ ရှိတယ်။ ချေးစဉ်တုန်းကတော့ လေးသောင်း၊ ငါးသောင်းလောက်ပဲ။ စပါးထွက်တဲ့ အချိန်ကျတော့ အတိုးပေါ် အတိုးဆင့်တဲ့ ပိုက်ဆံနဲ့ တသိန်းခွဲ နှစ်သိန်းအထိ ဖြစ်လာတယ်။ သီးနှံတွေထွက်တဲ့ အခါတော့ ငွေရှင်းနိုင်တယ်။ ရာသီဥတု မကောင်းလို့ သီးနှံ မထွက်တဲ့ အခါကျတော့ ငွေမရှင်းနိုင်ဘူး။ ငွေရှင်းနိုင်ခဲ့လို့ ပိုက်ဆံ ကျန်ခဲ့မယ် ဆိုရင်တောင်မှပဲ အတိုးပေါ်မှာ အတိုးထပ်ဆင့်သွားတယ်။ ဒီလိုနည်းနဲ့ တောင်သူတွေက လယ်ရှင်တွေကို ၁ နှစ်တန်သည် ၂ နှစ်တန်သည် လယ်စိုက်ခွင့်ဆိုတာပေးရတယ်။

အဲဒီလို လယ်စိုက်ခွင့်ပေးတဲ့ ကာလမှာပဲ ကြေးတိုင်၊ မြေစာရင်းနဲ့ ပေါင်းပြီးတော့ လယ်စိုက်ပျိုးခွင့် ပြေစာပေါက်တွေကို အမည်ပြောင်းတယ်။ အမည် မပြောင်းခဲ့ရင်တောင်မှ သူတို့ စိုက်ပျိုးထားတာ ဖြစ်ပါတယ် ဆိုပြီးတော့ အာဏာပိုင်နဲ့ ပေါင်းပြီးတော့ အသိအမှတ်ပြုအောင် ဆောင်ရွက်ထားတယ်။

တောင်သူလယ်သမားက အဲဒီလယ်ကို အကြွေးကြေလောက်ပြီ ဆိုပြီးတော့ ပြန်လည်း စိုက်ရော ရဲတွေ၊ အာဏာပိုင်တွေကို ခေါ်တယ်၊ ငွေရှင်က လက်ရောက် စိုက်ပျိုးနေတဲ့ မြေတွေဖြစ်ပါတယ်၊ လက်ငုတ်စိုက်ခဲ့တဲ့ တောင်သူလယ်သမားတွေဟာ ကျုးကျော်သူပါ ဆိုပြီး ကိုယ့်လယ်ကို ၀င်စိုက်ပြီးတော့ ကျူးကျော်မှုဖြစ်တယ်၊ အကျိုး ပျက်စီးမှုတွေ ဖြစ်တယ်၊ ကိုယ်လယ်ကိုယ် စိုက်ပျိုးနေတဲ့ စပါးကို ရိတ်သိမ်းနေရင်းနဲ့ ခိုးမှုတွေ ဖြစ်ပေါ်နေတယ်၊ ဒါတွေက ပြည်သူ အချင်းချင်းဖြစ်ပေါ်တဲ့ အမှုလို့ ထင်ရပေမယ့်လို့ ဒီငွေရှင်တွေရဲ့ နောက်ကွယ်မှာ တခြားတခြားသော အင်အား ကြီးမားတဲ့ ငွေသို့မဟုတ် အရင်းအနှီး စိုက်ထုတ်ထားတဲ့သူတွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ သိရှိထားရတယ်။

မေး။ ။ နောက်ကွယ်မှာ အရင်းအနှီး စိုက်ထုတ်ထားတဲ့ သူတွေဆိုတာက ဘယ်သူတွေလဲ။

ဖြေ။ ။ လယ်မြေတွေကို သိမ်းယူပြီးတော့ ဆောင်ရွက်လိုတဲ့ အသိုင်းအ၀န်းတွေလို့ ကျနော် နားလည်ထားပါတယ်၊ တောင်သူတွေက သူတို့ သိရှိတဲ့ အချက်အလက်တွေပြောပြလို့ သိရတာပါ။

လက်ရှိ ဒဂုံ အရှေ့ (ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်) မှာရှိတဲ့ ကုမ္ပဏီတွေ ဆိုရင်တော့ အာဏာပိုင် အသိုင်းအ၀န်းနဲ့ ပိုနီးစပ်ကြတယ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ကိုယ်တိုင် ရှယ်ယာတွေပါတယ် ဆိုတာကို တောင်သူတွေ ပြောပြချက်အရ ကျနော်တို့ သိရှိရတယ်။

ဒီလို အခြေအနေမှာ လယ်မှုခင်းတွေ အဖြစ်နဲ့ ဘယ်သူက ပြန်လည် စိုက်ပျိုးခွင့် ရထိုက်တယ်၊ ဘယ်သူက ဆက်လက်ပြီး လက်ရောက် ပြန်လည် ရထိုက်တယ် ဆိုတာမျိုးတွေကို လယ်မှုခင်း အတွက် လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေ ရှေ့ရပ်တွေလည်း နယ်မှာ မရှိတဲ့ အတွက် သူတို့လယ်ကို သူတို့ ပြန်စိုက်ရင်းနဲ့ အချုပ်တွေ၊ ထောင်တွေ၊ တရားရုံးတွေကို တက်နေကြရတယ်။

မေး။ ။ ကိုဖိုးဖြူ ကူညီတဲ့အတွက် ဘာတွေ ထိရောက်မှုရှိလဲ၊ အောင်မြင်မှုတွေ ရသလား။

ဖြေ။ ။ အရင်က နတ်မောက်က တောင်သူတွေအတွက် ဧက ၅၀၀၀ ကျော် ဆောင်ရွက်ပေးပြီးတဲ့ နောက်ပိုင်း ကျနော် အချုပ်ထဲ ကျသွားတယ်၊ တလအကြာမှာပဲ ဒီဧက ၅၀၀၀ ကျော်လုံး ပြန်ရသွားတယ်။

လုံးလုံး အောင်မြင်မှုရတယ်လို့ ကျနော် မထင်ပါဘူး။ (ဇန်န၀ါရီလတုန်းက ရန်ကုန်တိုင်းမှာ) တောင်သူတွေ ၄၀၀ ၀န်းကျင် ချီတက်တယ်၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ လယ်ယာ မှုခင်းတွေတင်တယ်၊ တောင်သူတွေက တောင်းဆိုမှုတွေ လုပ်တယ်၊ ဧက ၁၀၀ ကျော် ပြန်ရတယ်၊ ဧက ၁၀၀ ကျော်ကို အမိန့်စာ ထုတ်ပေးတယ်၊ အဲဒီ ထုတ်ပေးတဲ့ အမိန်စာအတိုင်း တကယ်စိုက်ပျိုးတဲ့ အခါကျတော့လည်း ဒေသခံ အာဏာပိုင်တွေက တားတယ်၊ အဆင့်ဆင့်ကို စာပြန်တင်ပြီး လယ်ယာမှုခင်း ပြန်ဖွင့်ပြန်တော့လည်း လက်ထိ လက်ရောက် ယနေ့အထိ စိုက်ပျိုးခွင့် မရဘူး။

ဒါတွေက နိုင်ငံတော်ရဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှသာလျှင်၊ ဥပဒေ ပြဋ္ဌာန်းပေးမှသာလျှင် ပြောင်းလဲနိုင်မယ့် အခြေအနေဖြစ်တယ်။

မေး။ ။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ကိုဖိုးဖြူ ဆောင်ရွက်ပေးနေတဲ့၊ အသိမ်းခံထားရတဲ့ လယ်ဧက ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ရန်ကုန်တိုင်းမှာ အားလုံးပေါင်း ဧက တသောင်း ကျော်တယ်၊ ဧရာဝတီတိုင်းမှာ ဧက နှစ်ထောင် ၀န်းကျင်လောက် အတွက် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

မေး။ ။ ဧက တသောင်းကျော် သိမ်းတယ် ဆိုတာ အထောက်အထား ရှိလား။

ဖြေ။ ။ သူတို့မြေကနေ လက်လွတ်ထွက်လာရတဲ့ တောင်သူတွေကတော့ အကောင်းဆုံး သက်သေပဲလို့ ပြောရမယ် ထင်တယ်။ ကြားထဲမှာ နာဂစ်လည်း ဖြစ်လိုက်တယ်၊ နောက်ပြီးတော့ မုန်တိုင်းလည်း ကြုံလိုက်ရတယ်။ လယ်တွေကနေကို ထွက်ပါ၊ မထွက်ဘူး ဆိုရင် တဲတွေကို ဖျက်မယ် ဆိုတဲ့ အမိန့်စာမျိုး ရောက်လာတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ တိုင်းအုပ်ချုပ်ရေးက ပေးတာလည်း မဟုတ်ဘူး၊ မြို့နယ်က ပေးတာလည်း မဟုတ်ဘဲနဲ့ ရပ်ကွက်ကျေးရွာကကို ဓားစာခံထား ပြီးတော့ ရယကလို့ ခေါ်တဲ့ ဥက္ကဋ္ဌတွေကနေ ထုတ်ပေးခဲ့တာမျိုးတွေတော့ ရှိတယ်၊ အဲဒါလည်း တရွာ နှစ်ရွာပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံးကတော့ နှုတ်မိန့်နဲ့ ပြောတယ်။ ထွက်မလား၊ မထွက်ဘူးဆိုရင် တဲတွေကို ဘိုဒူဇာနဲ့ ထိုးပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်၊ ဒီလိုနည်းနဲ့ တောင်သူတွေ အားလုံးက ထွက်လာခဲ့ရတာပါ။

မေး။ ။ တောင်သူတွေကို ကူညီတာ အန္တရာယ် မရှိဘူးလား။

ဖြေ။ ။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ တောင်သူတွေနဲ့ ကျနော်ကြားမှာ သွေးခွဲတာမျိုးတွေ၊ တောင်သူတွေကို တဖက်လှည့်နဲ့ ခြိမ်းခြောက်တာတွေတော့ ရှိတယ်၊ ရွေးကောက်ပွဲပြီး နောက်ပိုင်းတော့ သတင်း ယူတာမျိုးပဲ ရှိတယ်၊ လွတ်လွတ် လပ်လပ် ခရီးသွားရတာမျိုး ဖြစ်လာပေမယ့် ရေလုပ်သားတွေအတွက် ဧရာဝတီတိုင်းမှာ သွားလုပ်တုန်းကတော့ ဧည့်စာရင်းမရဘူး။

မေး။ ။ ရေလုပ်သားတွေအတွက် လုပ်ပေးခဲ့တာလည်း နည်းနည်းပြောပြပေးပါ။

ဖြေ။ ။ ဖျာပုံက ရွာပေါင်း ၁၁ ရွာလောက်မှာ (ပြီးခဲ့တဲ့မတ်လက တိုက်ခဲ့တဲ့ ပင်လယ်ပြင်) မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သားတွေ သေဆုံးခဲ့ရတယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်တယ်၊ ပြန်ရောက်လာတဲ့ ရေလုပ်သားတွေကို လုပ်ခ လစာ မပေးဘူး၊ နောက်ပြီး သူတို့ ခံစားရမယ့် အလုပ်သမား လစာတွေ မပေးဘူး၊ ဒီအခါမှာ ရေလုပ်သားတွေ ဆင်းရဲ မွဲတေမှုကြီးမားတဲ့ အတွက် သူတို့ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုဖို့၊ အလုပ်သမား မှုခင်းတွေ တင်သွင်းဖို့အတွက် သွားတယ်၊ သူတို့ရဲ့ အလုပ်သမား မှုခင်းတွေကို မတင်ပေးခင်မှာ သူတို့ ရထိုက်တဲ့ အခွင့်အရေးတွေကို ပညာပေး ဆွေးနွေးရတယ်၊ အဲဒီလို ဥပဒေပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်တော့ ညနေစောင်းမှာ ရွာတွေကနေ လှေနဲ့ မပြန်နိုင်တော့ဘူး ဖြစ်ခဲ့ရတယ်၊ အဲဒီအခါမှာ ဧည့်စာရင်း မပေးဘူး ဆိုပြီး ဧည့်စာရင်း ပိတ်တယ်။ ဒါပေမယ့် မှုခင်းတွေကို ဆုံးခန်းတိုင်အောင် တင်ပေးခဲ့ပါတယ်။ မုဆိုးမ ၄၅ ယောက်အတွက် အမှုတခု တင်သွင်းပေးခဲ့တယ်၊ နိုင်ငံတော်ဘက်က ငါးသောင်း ထောက်ပံ့တယ်၊ ကုမ္ပဏီဘက်က တသိန်း ထောက်ပံတယ်၊ တသိန်းခွဲပဲရတယ်။ လူတယောက်ရဲ့ တန်ဖိုးနဲ့ နှိုင်းစာရင်၊ ခေတ်ကာလပေါက်ဈေးနဲ့ နှိုင်းစာမယ် ဆိုရင် အလုပ် သမားတယောက်ရဲ့ စွန့်စားရမှု၊ နစ်နာရမှုက သိပ်များလွန်းတယ်။ နစ်နာ ဆုံးရှုံးမှုတွေ တွေကို ကာမိနိုင်အောင် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးဘူး။

မေး။ ။ ၂၀၀၉ ခုနှစ်တုန်းက ကိုဖိုးဖြူ ဘာကြောင့် ထောင်ကျသွားတာလဲ။

ဖြေ။ ။ ဗိုလ်ချုပ် မွေးခဲ့တဲ့ နတ်မောက်မြို့ ၀န်းကျင်မှာရှိတဲ့ ရွာတွေ အခြေပြုထားကြတဲ့ လယ်ပေါင်း ဧက ၅၀၀၀ ကျော်ရှိတယ်၊ အဲဒီနားလေးမှာ စက်ရုံတရုံရှိ တယ်၊ အဲဒီစက်ရုံကနေပြီးတော့ ကာကွယ်ရေး အကြောင်းပြပြီးတော့ မလိုအပ်ဘဲနဲ့ လယ်တွေကို သိမ်းလိုက်တယ်၊ ပြီးတော့ သူတို့က ပြန် သီးစားချတယ်။ နောက်တခုက အဲဒီထဲကို ၀င်ချင်တယ်၊ နွားကျောင်းချင်တယ် ဆိုရင် ပိုက်ဆံပေးရတယ်၊ ကြက်ဆူပင်တွေ အဓမ္မ စိုက်ခိုင်းတယ်၊ အဲဒီမှာ မပြည့်မီတဲ့ အတွက် လယ်တွေ သိမ်းလိုက်တယ်။ တောင်သူတွေဟာ လယ်လက်မဲ့တွေ ဖြစ်ကုန်တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ကိုဇော်ဌေးဆိုတဲ့သူက ILO (ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်ကြားတယ်။ နောက်ပိုင်းမှာ အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုပြီးတော့ ကိုဇော်ဌေးကို တရားစွဲတယ်၊ ကျနော်က သူ့အမှုကို လိုက်ပေးတယ်၊ တောင်သူတွေရဲ့ လယ်သမား ကိစ္စတွေအတွက် ILO ကို ဆက်လက် တိုင်ကြားတယ်၊ လယ်မှုခင်းတွေကိုလည်း ဆက်လက် တည်ဆောက်တယ်၊ ဒီအခါမျိုးမှာ အမှုလိုက်နေတာကို ရပ်စဲသွားစေဖို့အတွက် ကျနော့်ကို ထိန်းသိမ်းလိုက်တယ်၊ အမှုတည်ဆောက်လို့ မရတဲ့ အခါမှာ ကျနော့် ဒိုင်ယာရီကို လှန်တယ်၊ အဲဒီထဲမှာပါတဲ့ အမှုလိုက်ပေးတဲ့ ကျနော်ရဲ့ ရှေ့နေအဖွဲ့ဟာ မတရား အသင်းပါ ဆိုပြီး အသင်းအဖွဲ့ ဥပဒေအရ တရားစွဲတယ်။ ဒီလိုနည်းနဲ့ ကျနော်ဟာ ထောင် ၄ နှစ်ကျတယ်။ ILO က လာထုတ်ပေးတဲ့ အတွက် ၁ နှစ်နဲ့ ၂လ နေပြီး ကျနော့်ကို လွတ်ပေးလိုက်တာ။

မေး။ ။ ဘာဖြစ်လို့ လယ်သမားတွေ အရေး အတွက် ဆောင်ရွက်ပေးနေတာလဲ။

ဖြေ။ ။ လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်။ ဒါကြောင့် ဆောင်ရွက်ပေးနေတာပါ။

မေး။ ။ ဒီလို အချိန်ပြည့် ဆောင်ရွက်ပေးတဲ့အတွက် အိမ်က မိသားစုနဲ့တောင် ပြဿနာ တချို့ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမှာ ဘာကြောင့် လယ်သမားအရေး ဆက်လက်ပြီးတော့ လုပ်ပေးနေတာလဲ။

ဖြေ။ ။ အိမ်က မိသားစုကတော့ ကျနော့်ကို မဟာတန်းအထိ ကျောင်းထားပေးခဲ့တယ်၊ ကျောင်း ဆက်တက် စေချင်တယ်၊ နိုင်ငံခြား တက္ကသိုလ်ကလည်း လက်ခံတယ်၊ ကျနော်လည်း ကျောင်းတက်ချင်ပါတယ်၊ သို့သော်လည်း ကျနော် ထောင်က ထွက်လာတဲ့ အချိန်မှာ နိုင်ငံတကာ ဥပဒေနဲ့ မဟာတန်း ဒုတိယနှစ် ကျောင်းပြန်အပ်တဲ့အခါ ကျောင်း အထုတ်ခံရတယ်။

အဲဒီတော့ ကျနော့်ဘက်မှာ တောင်သူနဲ့ အလုပ်သမားက အနီးစပ်ဆုံး မြင်တွေ့နေရတာ။ သူတို့ကို ပေးတာ ကမ်းတာ လှူတာတန်းတာ ဝေတာငှတာ နဲ့တော့ သူတို့ တရက် ထမင်းစားရုံအပြင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တယ်၊ သူတို့ အလုပ် လုပ်နေသရွေ့ အသက်ရှင်နေသရွေ့ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရစေချင်တယ်။ ဒါကြောင့် ကျနော်က ဒီကိစ္စတွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

ဧရာဝတီ Sunday, 28 August 2011 11:38 အင်တာဗျူး

No comments: