Tuesday, September 27, 2011

“လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်”

ရှေ့နေ ကိုဖိုးဖြူသည် လယ်မြေများ အသိမ်းခံနေရသည့် ဒေသအသီးသီးမှ လယ်သမားများကို ကူညီနေသူဖြစ်သည်။ ကိုဖိုးဖြူ ခေါ် ကိုရန်နိုင်အောင်သည် ၂၀၀၉ ခုနှစ်က မကွေးတိုင်းအတွင်းမှ လယ်ယာမြေအမှုတခုအတွက် လိုက်ပါဆောင်ရွက်စဉ် ဖမ်းဆီးအကျဉ်းချခံရသည်။ ထောင်မှ လွတ်မြောက်ပြီးနောက် လယ်သိမ်းခံရသူ လယ်သမားများအရေးကိုသာမက ကလေးစစ်သား အမှုများ၊ ပင်လယ်ထဲမျောပါသွားသည့် ရေလုပ်သားများ လျော်ကြေး နှင့် နစ်နာကြေး ရရှိရေး ကိစ္စများကို ဆောင်ရွက်ပေးလျက်ရှိသည်။ မကြာမီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းများသို့ သွားရောက်၍ လယ်သမားများ အရေး ဆောင်ရွက်ခဲ့သူ ကိုဖိုးဖြူကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ်မေးမြန်းထားပါသည်။

PhoePhyu

ရှေ့နေ ကိုဖိုးဖြူ

မေး။ ။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက လယ်သမားတွေ ဘာကြောင့် လယ်သိမ်းခံရသလဲ ဆိုတာ ပြောပြပါ။

ဖြေ။ ။ လယ်သမား တဦးချင်းစီအတွက် တဧကချင်းစီပေါ်မှာ ပေးတဲ့ စိုက်ပျိုး စရိတ်က ၂ သောင်းပဲ ရတဲ့ အတွက် ဒီလို စိုက်ပျိုးစရိတ် မလုံလောက်တဲ့ အတွက် ဒီလို နေရာ လက်လွတ် ဆုံးရှုံးရတဲ့ ပြဿနာရပ်တွေ ပေါ်ပေါက်နေတယ်။

ဧရာဝတီတိုင်းမှာ ငွေရှင်တွေဆီမှာ တောင်သူလယ်သမားတွေက ငွေချေးရ၊ ငှားရတယ်။ ချေးရငှားရတဲ့ အခါမှာ ၁၀ တိုးတွေ၊ ၁၅ ကျပ်တိုးတွေ ရှိတယ်။ ချေးစဉ်တုန်းကတော့ လေးသောင်း၊ ငါးသောင်းလောက်ပဲ။ စပါးထွက်တဲ့ အချိန်ကျတော့ အတိုးပေါ် အတိုးဆင့်တဲ့ ပိုက်ဆံနဲ့ တသိန်းခွဲ နှစ်သိန်းအထိ ဖြစ်လာတယ်။ သီးနှံတွေထွက်တဲ့ အခါတော့ ငွေရှင်းနိုင်တယ်။ ရာသီဥတု မကောင်းလို့ သီးနှံ မထွက်တဲ့ အခါကျတော့ ငွေမရှင်းနိုင်ဘူး။ ငွေရှင်းနိုင်ခဲ့လို့ ပိုက်ဆံ ကျန်ခဲ့မယ် ဆိုရင်တောင်မှပဲ အတိုးပေါ်မှာ အတိုးထပ်ဆင့်သွားတယ်။ ဒီလိုနည်းနဲ့ တောင်သူတွေက လယ်ရှင်တွေကို ၁ နှစ်တန်သည် ၂ နှစ်တန်သည် လယ်စိုက်ခွင့်ဆိုတာပေးရတယ်။

အဲဒီလို လယ်စိုက်ခွင့်ပေးတဲ့ ကာလမှာပဲ ကြေးတိုင်၊ မြေစာရင်းနဲ့ ပေါင်းပြီးတော့ လယ်စိုက်ပျိုးခွင့် ပြေစာပေါက်တွေကို အမည်ပြောင်းတယ်။ အမည် မပြောင်းခဲ့ရင်တောင်မှ သူတို့ စိုက်ပျိုးထားတာ ဖြစ်ပါတယ် ဆိုပြီးတော့ အာဏာပိုင်နဲ့ ပေါင်းပြီးတော့ အသိအမှတ်ပြုအောင် ဆောင်ရွက်ထားတယ်။

တောင်သူလယ်သမားက အဲဒီလယ်ကို အကြွေးကြေလောက်ပြီ ဆိုပြီးတော့ ပြန်လည်း စိုက်ရော ရဲတွေ၊ အာဏာပိုင်တွေကို ခေါ်တယ်၊ ငွေရှင်က လက်ရောက် စိုက်ပျိုးနေတဲ့ မြေတွေဖြစ်ပါတယ်၊ လက်ငုတ်စိုက်ခဲ့တဲ့ တောင်သူလယ်သမားတွေဟာ ကျုးကျော်သူပါ ဆိုပြီး ကိုယ့်လယ်ကို ၀င်စိုက်ပြီးတော့ ကျူးကျော်မှုဖြစ်တယ်၊ အကျိုး ပျက်စီးမှုတွေ ဖြစ်တယ်၊ ကိုယ်လယ်ကိုယ် စိုက်ပျိုးနေတဲ့ စပါးကို ရိတ်သိမ်းနေရင်းနဲ့ ခိုးမှုတွေ ဖြစ်ပေါ်နေတယ်၊ ဒါတွေက ပြည်သူ အချင်းချင်းဖြစ်ပေါ်တဲ့ အမှုလို့ ထင်ရပေမယ့်လို့ ဒီငွေရှင်တွေရဲ့ နောက်ကွယ်မှာ တခြားတခြားသော အင်အား ကြီးမားတဲ့ ငွေသို့မဟုတ် အရင်းအနှီး စိုက်ထုတ်ထားတဲ့သူတွေ ရှိနေတယ် ဆိုတာကို ကျနော်တို့ သိရှိထားရတယ်။

မေး။ ။ နောက်ကွယ်မှာ အရင်းအနှီး စိုက်ထုတ်ထားတဲ့ သူတွေဆိုတာက ဘယ်သူတွေလဲ။

ဖြေ။ ။ လယ်မြေတွေကို သိမ်းယူပြီးတော့ ဆောင်ရွက်လိုတဲ့ အသိုင်းအ၀န်းတွေလို့ ကျနော် နားလည်ထားပါတယ်၊ တောင်သူတွေက သူတို့ သိရှိတဲ့ အချက်အလက်တွေပြောပြလို့ သိရတာပါ။

လက်ရှိ ဒဂုံ အရှေ့ (ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်) မှာရှိတဲ့ ကုမ္ပဏီတွေ ဆိုရင်တော့ အာဏာပိုင် အသိုင်းအ၀န်းနဲ့ ပိုနီးစပ်ကြတယ်၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေ ကိုယ်တိုင် ရှယ်ယာတွေပါတယ် ဆိုတာကို တောင်သူတွေ ပြောပြချက်အရ ကျနော်တို့ သိရှိရတယ်။

ဒီလို အခြေအနေမှာ လယ်မှုခင်းတွေ အဖြစ်နဲ့ ဘယ်သူက ပြန်လည် စိုက်ပျိုးခွင့် ရထိုက်တယ်၊ ဘယ်သူက ဆက်လက်ပြီး လက်ရောက် ပြန်လည် ရထိုက်တယ် ဆိုတာမျိုးတွေကို လယ်မှုခင်း အတွက် လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေ ရှေ့ရပ်တွေလည်း နယ်မှာ မရှိတဲ့ အတွက် သူတို့လယ်ကို သူတို့ ပြန်စိုက်ရင်းနဲ့ အချုပ်တွေ၊ ထောင်တွေ၊ တရားရုံးတွေကို တက်နေကြရတယ်။

မေး။ ။ ကိုဖိုးဖြူ ကူညီတဲ့အတွက် ဘာတွေ ထိရောက်မှုရှိလဲ၊ အောင်မြင်မှုတွေ ရသလား။

ဖြေ။ ။ အရင်က နတ်မောက်က တောင်သူတွေအတွက် ဧက ၅၀၀၀ ကျော် ဆောင်ရွက်ပေးပြီးတဲ့ နောက်ပိုင်း ကျနော် အချုပ်ထဲ ကျသွားတယ်၊ တလအကြာမှာပဲ ဒီဧက ၅၀၀၀ ကျော်လုံး ပြန်ရသွားတယ်။

လုံးလုံး အောင်မြင်မှုရတယ်လို့ ကျနော် မထင်ပါဘူး။ (ဇန်န၀ါရီလတုန်းက ရန်ကုန်တိုင်းမှာ) တောင်သူတွေ ၄၀၀ ၀န်းကျင် ချီတက်တယ်၊ အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးရုံးမှာ လယ်ယာ မှုခင်းတွေတင်တယ်၊ တောင်သူတွေက တောင်းဆိုမှုတွေ လုပ်တယ်၊ ဧက ၁၀၀ ကျော် ပြန်ရတယ်၊ ဧက ၁၀၀ ကျော်ကို အမိန့်စာ ထုတ်ပေးတယ်၊ အဲဒီ ထုတ်ပေးတဲ့ အမိန်စာအတိုင်း တကယ်စိုက်ပျိုးတဲ့ အခါကျတော့လည်း ဒေသခံ အာဏာပိုင်တွေက တားတယ်၊ အဆင့်ဆင့်ကို စာပြန်တင်ပြီး လယ်ယာမှုခင်း ပြန်ဖွင့်ပြန်တော့လည်း လက်ထိ လက်ရောက် ယနေ့အထိ စိုက်ပျိုးခွင့် မရဘူး။

ဒါတွေက နိုင်ငံတော်ရဲ့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ မူဝါဒ ပြုပြင်ပြောင်းလဲမှသာလျှင်၊ ဥပဒေ ပြဋ္ဌာန်းပေးမှသာလျှင် ပြောင်းလဲနိုင်မယ့် အခြေအနေဖြစ်တယ်။

မေး။ ။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ ကိုဖိုးဖြူ ဆောင်ရွက်ပေးနေတဲ့၊ အသိမ်းခံထားရတဲ့ လယ်ဧက ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ရန်ကုန်တိုင်းမှာ အားလုံးပေါင်း ဧက တသောင်း ကျော်တယ်၊ ဧရာဝတီတိုင်းမှာ ဧက နှစ်ထောင် ၀န်းကျင်လောက် အတွက် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

မေး။ ။ ဧက တသောင်းကျော် သိမ်းတယ် ဆိုတာ အထောက်အထား ရှိလား။

ဖြေ။ ။ သူတို့မြေကနေ လက်လွတ်ထွက်လာရတဲ့ တောင်သူတွေကတော့ အကောင်းဆုံး သက်သေပဲလို့ ပြောရမယ် ထင်တယ်။ ကြားထဲမှာ နာဂစ်လည်း ဖြစ်လိုက်တယ်၊ နောက်ပြီးတော့ မုန်တိုင်းလည်း ကြုံလိုက်ရတယ်။ လယ်တွေကနေကို ထွက်ပါ၊ မထွက်ဘူး ဆိုရင် တဲတွေကို ဖျက်မယ် ဆိုတဲ့ အမိန့်စာမျိုး ရောက်လာတာတွေလည်း ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ တိုင်းအုပ်ချုပ်ရေးက ပေးတာလည်း မဟုတ်ဘူး၊ မြို့နယ်က ပေးတာလည်း မဟုတ်ဘဲနဲ့ ရပ်ကွက်ကျေးရွာကကို ဓားစာခံထား ပြီးတော့ ရယကလို့ ခေါ်တဲ့ ဥက္ကဋ္ဌတွေကနေ ထုတ်ပေးခဲ့တာမျိုးတွေတော့ ရှိတယ်၊ အဲဒါလည်း တရွာ နှစ်ရွာပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံးကတော့ နှုတ်မိန့်နဲ့ ပြောတယ်။ ထွက်မလား၊ မထွက်ဘူးဆိုရင် တဲတွေကို ဘိုဒူဇာနဲ့ ထိုးပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်၊ ဒီလိုနည်းနဲ့ တောင်သူတွေ အားလုံးက ထွက်လာခဲ့ရတာပါ။

မေး။ ။ တောင်သူတွေကို ကူညီတာ အန္တရာယ် မရှိဘူးလား။

ဖြေ။ ။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ တောင်သူတွေနဲ့ ကျနော်ကြားမှာ သွေးခွဲတာမျိုးတွေ၊ တောင်သူတွေကို တဖက်လှည့်နဲ့ ခြိမ်းခြောက်တာတွေတော့ ရှိတယ်၊ ရွေးကောက်ပွဲပြီး နောက်ပိုင်းတော့ သတင်း ယူတာမျိုးပဲ ရှိတယ်၊ လွတ်လွတ် လပ်လပ် ခရီးသွားရတာမျိုး ဖြစ်လာပေမယ့် ရေလုပ်သားတွေအတွက် ဧရာဝတီတိုင်းမှာ သွားလုပ်တုန်းကတော့ ဧည့်စာရင်းမရဘူး။

မေး။ ။ ရေလုပ်သားတွေအတွက် လုပ်ပေးခဲ့တာလည်း နည်းနည်းပြောပြပေးပါ။

ဖြေ။ ။ ဖျာပုံက ရွာပေါင်း ၁၁ ရွာလောက်မှာ (ပြီးခဲ့တဲ့မတ်လက တိုက်ခဲ့တဲ့ ပင်လယ်ပြင်) မုန်တိုင်းဒဏ်ကြောင့် ရေလုပ်သားတွေ သေဆုံးခဲ့ရတယ်၊ မိသားစုနဲ့ တကွဲတပြားဖြစ်တယ်၊ ပြန်ရောက်လာတဲ့ ရေလုပ်သားတွေကို လုပ်ခ လစာ မပေးဘူး၊ နောက်ပြီး သူတို့ ခံစားရမယ့် အလုပ်သမား လစာတွေ မပေးဘူး၊ ဒီအခါမှာ ရေလုပ်သားတွေ ဆင်းရဲ မွဲတေမှုကြီးမားတဲ့ အတွက် သူတို့ အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုဖို့၊ အလုပ်သမား မှုခင်းတွေ တင်သွင်းဖို့အတွက် သွားတယ်၊ သူတို့ရဲ့ အလုပ်သမား မှုခင်းတွေကို မတင်ပေးခင်မှာ သူတို့ ရထိုက်တဲ့ အခွင့်အရေးတွေကို ပညာပေး ဆွေးနွေးရတယ်၊ အဲဒီလို ဥပဒေပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်တော့ ညနေစောင်းမှာ ရွာတွေကနေ လှေနဲ့ မပြန်နိုင်တော့ဘူး ဖြစ်ခဲ့ရတယ်၊ အဲဒီအခါမှာ ဧည့်စာရင်း မပေးဘူး ဆိုပြီး ဧည့်စာရင်း ပိတ်တယ်။ ဒါပေမယ့် မှုခင်းတွေကို ဆုံးခန်းတိုင်အောင် တင်ပေးခဲ့ပါတယ်။ မုဆိုးမ ၄၅ ယောက်အတွက် အမှုတခု တင်သွင်းပေးခဲ့တယ်၊ နိုင်ငံတော်ဘက်က ငါးသောင်း ထောက်ပံ့တယ်၊ ကုမ္ပဏီဘက်က တသိန်း ထောက်ပံတယ်၊ တသိန်းခွဲပဲရတယ်။ လူတယောက်ရဲ့ တန်ဖိုးနဲ့ နှိုင်းစာရင်၊ ခေတ်ကာလပေါက်ဈေးနဲ့ နှိုင်းစာမယ် ဆိုရင် အလုပ် သမားတယောက်ရဲ့ စွန့်စားရမှု၊ နစ်နာရမှုက သိပ်များလွန်းတယ်။ နစ်နာ ဆုံးရှုံးမှုတွေ တွေကို ကာမိနိုင်အောင် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးဘူး။

မေး။ ။ ၂၀၀၉ ခုနှစ်တုန်းက ကိုဖိုးဖြူ ဘာကြောင့် ထောင်ကျသွားတာလဲ။

ဖြေ။ ။ ဗိုလ်ချုပ် မွေးခဲ့တဲ့ နတ်မောက်မြို့ ၀န်းကျင်မှာရှိတဲ့ ရွာတွေ အခြေပြုထားကြတဲ့ လယ်ပေါင်း ဧက ၅၀၀၀ ကျော်ရှိတယ်၊ အဲဒီနားလေးမှာ စက်ရုံတရုံရှိ တယ်၊ အဲဒီစက်ရုံကနေပြီးတော့ ကာကွယ်ရေး အကြောင်းပြပြီးတော့ မလိုအပ်ဘဲနဲ့ လယ်တွေကို သိမ်းလိုက်တယ်၊ ပြီးတော့ သူတို့က ပြန် သီးစားချတယ်။ နောက်တခုက အဲဒီထဲကို ၀င်ချင်တယ်၊ နွားကျောင်းချင်တယ် ဆိုရင် ပိုက်ဆံပေးရတယ်၊ ကြက်ဆူပင်တွေ အဓမ္မ စိုက်ခိုင်းတယ်၊ အဲဒီမှာ မပြည့်မီတဲ့ အတွက် လယ်တွေ သိမ်းလိုက်တယ်။ တောင်သူတွေဟာ လယ်လက်မဲ့တွေ ဖြစ်ကုန်တယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ကိုဇော်ဌေးဆိုတဲ့သူက ILO (ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်) ကို တိုင်ကြားတယ်။ နောက်ပိုင်းမှာ အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဆိုပြီးတော့ ကိုဇော်ဌေးကို တရားစွဲတယ်၊ ကျနော်က သူ့အမှုကို လိုက်ပေးတယ်၊ တောင်သူတွေရဲ့ လယ်သမား ကိစ္စတွေအတွက် ILO ကို ဆက်လက် တိုင်ကြားတယ်၊ လယ်မှုခင်းတွေကိုလည်း ဆက်လက် တည်ဆောက်တယ်၊ ဒီအခါမျိုးမှာ အမှုလိုက်နေတာကို ရပ်စဲသွားစေဖို့အတွက် ကျနော့်ကို ထိန်းသိမ်းလိုက်တယ်၊ အမှုတည်ဆောက်လို့ မရတဲ့ အခါမှာ ကျနော့် ဒိုင်ယာရီကို လှန်တယ်၊ အဲဒီထဲမှာပါတဲ့ အမှုလိုက်ပေးတဲ့ ကျနော်ရဲ့ ရှေ့နေအဖွဲ့ဟာ မတရား အသင်းပါ ဆိုပြီး အသင်းအဖွဲ့ ဥပဒေအရ တရားစွဲတယ်။ ဒီလိုနည်းနဲ့ ကျနော်ဟာ ထောင် ၄ နှစ်ကျတယ်။ ILO က လာထုတ်ပေးတဲ့ အတွက် ၁ နှစ်နဲ့ ၂လ နေပြီး ကျနော့်ကို လွတ်ပေးလိုက်တာ။

မေး။ ။ ဘာဖြစ်လို့ လယ်သမားတွေ အရေး အတွက် ဆောင်ရွက်ပေးနေတာလဲ။

ဖြေ။ ။ လယ်သမားတွေ ကျနော့် မျက်စိရှေ့မှာပဲ ငတ်နေပါတယ်။ ဒါကြောင့် ဆောင်ရွက်ပေးနေတာပါ။

မေး။ ။ ဒီလို အချိန်ပြည့် ဆောင်ရွက်ပေးတဲ့အတွက် အိမ်က မိသားစုနဲ့တောင် ပြဿနာ တချို့ရှိနေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမှာ ဘာကြောင့် လယ်သမားအရေး ဆက်လက်ပြီးတော့ လုပ်ပေးနေတာလဲ။

ဖြေ။ ။ အိမ်က မိသားစုကတော့ ကျနော့်ကို မဟာတန်းအထိ ကျောင်းထားပေးခဲ့တယ်၊ ကျောင်း ဆက်တက် စေချင်တယ်၊ နိုင်ငံခြား တက္ကသိုလ်ကလည်း လက်ခံတယ်၊ ကျနော်လည်း ကျောင်းတက်ချင်ပါတယ်၊ သို့သော်လည်း ကျနော် ထောင်က ထွက်လာတဲ့ အချိန်မှာ နိုင်ငံတကာ ဥပဒေနဲ့ မဟာတန်း ဒုတိယနှစ် ကျောင်းပြန်အပ်တဲ့အခါ ကျောင်း အထုတ်ခံရတယ်။

အဲဒီတော့ ကျနော့်ဘက်မှာ တောင်သူနဲ့ အလုပ်သမားက အနီးစပ်ဆုံး မြင်တွေ့နေရတာ။ သူတို့ကို ပေးတာ ကမ်းတာ လှူတာတန်းတာ ဝေတာငှတာ နဲ့တော့ သူတို့ တရက် ထမင်းစားရုံအပြင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်တယ်၊ သူတို့ အလုပ် လုပ်နေသရွေ့ အသက်ရှင်နေသရွေ့ သူတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရစေချင်တယ်။ ဒါကြောင့် ကျနော်က ဒီကိစ္စတွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

ဧရာဝတီ Sunday, 28 August 2011 11:38 အင်တာဗျူး

Sunday, September 25, 2011

ကိုယ့်အတ္တနဲ့ယှဉ်ပြီး လူထုဒုက္ခရောက်မယ့်အလုပ် မလုပ်စေချင်ဘူး”

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား စာရေးဆရာများ၊ စာနယ်ဇင်းသမားများ၊ ကဗျာဆရာများ၊ သဘာဝ ပတ်ဝန်းကျင် ပညာရှင်များနှင့် နားလည်သည့် လူထုက ကန့်ကွက်လျှက် ရှိချိန်တွင် ကာတွန်း ဟာဂျူလီ (ကသာ) သည်လည်း မြစ်ဆုံဆည် စီမံကိန်း ကန့်ကွက်သည့် ကာတွန်းများ ဆက်တိုက် ရေးဆွဲကာ ၎င်း၏ facebook စာမျက်နှာတွင် ဖော်ပြလျှက် ရှိသည်။ ကာတွန်း ဟာဂျူလီ (ကသာ) သည် မြစ်ကြီးနား အောက်ဘက် ကသာမြို့နယ် ဧရာဝတီ မြစ်ကမ်းနံဘေးတွင် နေထိုင်သူ ဖြစ်သည်။ ဧရာဝတီမြစ်၏ အပြောင်းအလဲများကို မျက်မြင် ကိုယ်တွေ့ ကြုံနေရသူ ဖြစ်သောကြောင့် ၎င်းတတ်မြောက် ထားသည့် ကာတွန်းပညာ အသုံးပြုကာ ဧရာဝတီမြစ်ကို တတ်အားသရွေ့ ကာကွယ် ချင်သည်ဆိုသော ကာတွန်းဟာဂျူလီ (ကသာ) အား ဧရာဝတီ မဂ္ဂဇင်း သတင်းထောက် အေးချမ်းမြေ့က ဆက်သွယ် မေးမြန်း ထားပါသည်။

harKyuli

ကာတွန်း ဟာဂျူလီ (ကသာ)

ဟာဂျူလီ (ကသာ) သည် မြန်မာ စာနယ်ဇင်းများတွင် ကာတွန်းများကို အနှစ် ၂၀ ကျော် တောက်လျှောက် ရေးဆွဲခဲ့ပြီး လက်ရှိလည်း ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ဆောင်းပါးများအား ဂျာနယ်များတွင် ရေးသားနေသူ ဖြစ်သည်။

မေး။ ။ ဧရာဝတီ မြစ်ကမ်းနံဘေး ကသာမြို့မှာ နေနေတဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ နားလည်ထားလဲ။

ဖြေ။ ။ ကသာက ဧရာဝတီရဲ့ မြစ်ဖျားကိုး၊ မြစ်ကြီးနား မြစ်ဆုံနဲ့ ဘာမှမဝေးဘူးလေ။ မြစ်ကြီးနားမှာ ဒီနေ့ရေကြီးရင် နောက်နေ့ ကသာမှာ ရေကြီးမှာ။ မြစ်ကြီးနား ဒုက္ခရောက်ရင် ကသာ ဒုက္ခရောက်မယ်။ ဧရာဝတီ မြစ်ဝှမ်းတလျှောက်မှာ နေတဲ့သူတွေ ဒုက္ခရောက်ကြမယ်၊ လူတွေ သေကြမယ်။ ဒါ ဖြစ်နိုင်တဲ့ဟာပေါ့။ ဒီဆည်ကြီးရဲ့ အမြင့်ပေနဲ့ အကျယ်က နည်းတာ မဟုတ်ဘူး၊ မြစ်ရေရဲ့ ၇ ရာခိုင်နှုန်းပဲ သုံးမယ်လို့ ဝန်ကြီးကပြောပေမယ့် ဒါ မသေချာဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရေစီးရေလာတွေ ပြောင်းသွားမယ်၊ ရေစူး တိမ်သွားမယ်၊ တချို့နေရာတွေဆို ကောသွားမယ်၊ တချို့ဆို မြစ်ကြောင်း ကျဉ်းသွားမယ်၊ ကျနော်တို့ အထက်ပိုင်း ဗန်းမော်တို့၊ ကသာတို့ ဆိုတာက မြစ်ကိုအားကိုးပြီး ရေကြောင်းခရီး သွားနေကြရတာကိုး။ သင်္ဘောတွေ၊ မော်တော်တွေ မသွားနိုင်ရင် ကျနော်တို့ အထက်ပိုင်းက လူတွေ ဒုက္ခရောက်မယ်။

Harqli01ဒါပေမယ့် အမှန်အတိုင်းပြောရရင် အဲဒီလို ဒုက္ခရောက်နိုင်တာတွေကို ဒီအထက်ပိုင်းက လူထုက မသိဘူး၊ နားမလည်ကြဘူး။ စားဝတ်နေရေး လုံးပန်းနေရတော့ အဲဒီလောက်ထိ မတွေးနိုင်ကြဘူး။ အဲဒါကြောင့် ကျနော်တို့ မီဒီယာကနေ ဒါကို ပြောရမယ်။ မီဒီယာ ဆိုတာက အထက်ပိုင်းမှာရှိတဲ့ ကာတွန်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ စသည်ဖြင့်ပေါ့။ သူတို့က တတ်နိုင် သလောက် စည်းရုံးရမယ်။ ဒါကြီးဖြစ်သွားရင် ဘာဖြစ်လာနိုင်တယ်ဆိုတာ လှုံ့ဆော်ရမယ်။ ကျနော်တို့ အထက်ပိုင်းမှာ ဒါလေးတွေ ဗဟုသုတ ပြောဖို့ နည်းနေသေးတယ်။ ကျနော်ကတော့ အဲဒါကို တတ်နိုင်သလောက် ပြောတာပေါ့။ စားဝတ် နေရေး ကျပ်တည်း နေတော့ ဗဟုသုတအရာမှာ အတော်အားနည်းတယ်။ သူတို့မှာစိုးရိမ်စရာ ရှိနေတယ်ဆိုတာကို သဘောမပေါက်ကြဘူး။ ဒီကောင်ကြီးက အန္တရာယ်ရှိတယ်၊ အထက်ပိုင်းကလူတွေအတွက် ပိုပြီး အန္တရာယ်က နီးတယ်။ ဒါကို သူတို့သိအောင် ပြောရမယ်၊ စည်းရုံးရမယ်၊ ရေးသားရမယ်ပေါ့ဗျာ။

နောက်တချက်က ဒီမြစ်ဆုံ စီမံကိန်းကိစ္စ ပြောတယ်၊ ဆိုတယ်၊ ရေးသားနေတယ် ဆိုတာ အမျိုးသားအရေး အတွက် ပြောတာ၊ နိုင်ငံရေးနဲ့ မဆိုင်ဘူးဆိုတာကို လူထု သဘောပေါက်အောင် ပြောဖို့ အရေးကြီးတယ်။ အားလုံးဝိုင်းကြ ဝန်းကြဖို့ လိုတယ်။

မေး။ ။ မြစ်ဆုံ ကာတွန်းတွေကို facebook ပေါ်မှာပဲ တင်တာလား။ ပြည်တွင်းက ဂျာနယ်တွေမှာ၊ မဂ္ဂဇင်းတွေမှာကော ဖော်ပြလို့ မရဘူးလား။

ဖြေ။ ။ ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ ဖော်ပြလို့မရပါဘူး။ ကျနော့် facebook မှာပဲတင်တာပါ။ အဲဒီက တဆင့်ယူသုံး ကြတာတော့ ကျနော်လည်း မတတ်နိုင်ဘူးပေါ့။ ဒီလို လူမှုကွန်ရက်တွေ ပေါ်လာတော့ အလုပ်လုပ်ရတာ ပိုကောင်းလာတယ်။ ကျနော်ဆို ကာတွန်းရေးလာတာ နှစ်ပေါင်း ၂၀ ကျော်ပြီ။ ဒီဘက်နောက်ပိုင်းမှာဆို နည်းနည်းလေး တွေးစရာပါလာရင် အဖြုတ်ခံရတာပဲ။ အဲဒါကြောင့် ကျနော် ကာတွန်း မဆွဲချင်တော့ဘူး။ စိတ်ပျက်ပြီး ကာတွန်းမဆွဲတာတောင် ကြာပြီ။ ဒါပေမယ့် အခုနောက်ပိုင်း facebook လိုမျိုးတွေ ပေါ်လာတော့ ကျနော် ကာတွန်းဆွဲဖြစ်တယ်။ နေ့တိုင်းလိုလိုကို ဆွဲဖြစ်ပါတယ်။ ဒီဟာတွေ ပေါ်လာတာကို ကျေးဇူးတကယ် တင်တယ်၊ လွတ်လပ်တဲ့ နေရာလေး တခုလို ခံစားရတယ်။

မေး။ ။ ဧရာဝတီ မြစ်ဘေးမှာ နေပြီး ဒီအကြောင်းကို မြင်နေ၊ တွေ့နေ၊ ပိုသိနေတဲ့ လူတယောက် အနေနဲ့ ဒေသခံ လူထုက ဒီဧရာဝတီ မြစ်ဆုံဆည် ကိစ္စ အရေးကြီးတယ် ဆိုတာ ပိုသိလာဖို့ ဘာတွေလုပ်နိုင်မယ် ထင်သလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ထိုင်၊ ဘယ်မှာပဲ ထိုင်ထိုင် ဒီစကားပြောဖြစ်တယ်။ ဘယ်လောက်ထိ အန္တရာယ်ဖြစ်နေပြီ၊ ဒါကြီးပြီးသွားရင် ငါတို့ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာတော့ တတ်နိုင်သလောက် ပြောနေပါတယ်။ ကျနော်တို့ စာရေးဆရာ၊ ကာတွန်းဆရာတွေ ဆိုတာကလည်း အပေါင်းအသင်းက နည်းနည်း ကျယ်ပြန့်တာကိုး။ အဲဒီတော့ ကိုယ် နိုင်သလောက်လေးတွေ ပြောရင်းနဲ့ လူတွေ အများကြီး သိသွားနိုင်တယ်။ အဲဒါကြောင့် ဒီဘက် အထက်ပိုင်းမှာ ရှိတဲ့၊ ဒီဘက် ထီးချိုင့်၊ ရွှေဘို၊ ဗန်းမော်၊ ကသာ၊ကာတွန်းဆရာတွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေကိုလည်း ပြောချင်တယ်၊တတ်နိုင်သလောက် ဒီ ဧရာဝတီ မြစ်ဆုံဆည် အကြောင်း ကိုယ့်လူထုကို ပြောကြစမ်းပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုက မြစ်ဆုံဆည် ဆောက်တော့မယ်ဆိုပြီး ကန့်ကွက်တဲ့သူတွေ များလာတယ်၊ သိတဲ့သူလည်း ပိုများလာတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးပေါ်မှာ တံတားတွေ အများကြီးဆောက်တာတို့၊ ရွှေကျင်တာတို့၊ မြစ်ဘေးက သစ်တောတွေ ခုတ်တာတို့ကြောင့် မြစ်က စပျက်စီးနေပြီမဟုတ်လား။ သာမန် လူတယောက်အနေနဲ့ ထင်သာမြင်သာရှိတဲ့ ဒီ ဧရာဝတီမြစ်ရဲ့ အပြောင်းအလဲ တွေကို သိသလောက် ပြောပြနိုင်မလား။

ဖြေ။ ။ အပြောင်းအလဲတွေက အများကြီးပဲ။ ဂျာနယ်တွေမှာလည်း ကျနော် ဆောင်းပါးတွေ ရေးဖူးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် တနှစ်တည်းမှာ ဧရာဝတီလင်းပိုင် ၆ ကောင်သေတယ်။ လင်းပိုင် သေရခြင်းအကြောင်းရင်းကို ရှာဖွေပြီးရေးခဲ့ပါတယ်။ ဒီ လင်းပိုင်တွေက ကျောက်မြောင်းနဲ့ ရွှေဘိုကြားမှာနေတာ။ ဧရာဝတီမှာပဲ နေကြတာ။ နိုင်ငံခြား သားတွေ လာလာကြည့်ရတဲ့ အကောင်တွေပေါ့။ အဲဒီကောင်တွေ သေတဲ့အချိန်က ဆင်းခန်း ဆိုတဲ့ရွာကနေ ဧရာဝတီ မြစ်ကူးတံတား ဆောက်နေတာ၊ ဗန်းမော် - ကသာ ရထားလမ်း ဖောက်နေတဲ့ အချိန်ပေါ့။

လင်းပိုင်သေရခြင်းက အများကြီးရှိတယ်။ အသံဆူညံမှု ကြောင့်လည်း သေနိုင်တယ်၊ ရေအပြောင်းအလဲ၊ အပူအအေး ကြောင့်လည်း သေနိုင်တယ်၊ ရေထု ညစ်ညမ်းမှုကြောင့်လည်း သေနိုင်တယ်၊ ကျနော်တို့က ဘာကြောင့်သူတို့သေတယ် ဆိုတာ ရှာနိုင်မှ ဧရာဝတီမှာ ဘာတွေပြုပြင်သင့်တယ် ဆိုတာသိမယ်။ ကျနော်အဲဒါတွေ ရေးပေမယ့် ဘယ်သူကမှလည်း မပြင်ကြပါဘူးဗျာ။ နောက် ရွှေကျင်နေတဲ့သူတွေသုံးနေတဲ့ ဆိုင်ယာနိုက် ပေါ့ဗျာ။ အဲဒါ အင်မတန်ပြင်းတဲ့အဆိပ်ပဲ။ ဆိုင်ယာနိုက်သုံးပြီး ရွှေဖမ်းတဲ့ကိစ္စတွေ ကျနော်တို့ တလျှောက်လုံး ရေးလာတယ်။ ၁၀ ပုဒ်မှာ တပုဒ်လောက်တော့ ဖော်ပြခံရတယ်ပေါ့။ ဒါပေမယ့် ပြုပြင်တာတော့ ဘာမှ မရှိပါဘူး။ ကျနော် တော်တော်လေး ရေးခဲ့ဖူးပါတယ်။

ဧရာဝတီကနေ ရေလမ်းနဲ့လာတော့ သင်္ဘောပေါ်မှာ ဒိန်းမတ်နိုင်ငံသား တယောက်နဲ့ ကျနော်တွေ့တယ်။ သူပြောသွားတာ လေးက တော်တော်လေး သတိထားဖို့ ကောင်းတယ်။ သူပြောတာက သူတို့ ဒိန်းမတ်မှာ အရင်က မြစ်တခုရှိတယ်။ အခု ဧရာဝတီလိုပဲတဲ့၊ အဲဒီမြစ်ကို မထိန်းသိမ်းခဲ့လို့ မြစ်ကောသွားတယ်၊ ရေချိုးဖို့တောင် မြစ်က မကျန်တော့ဘူး။ ဒါပေမယ့် ဒီမြစ်ကြီးကို အခု ပြန်ထိန်းသိမ်းနေပြီ ပြုပြင်နေပြီ၊ နောက်နှစ်ပေါင်း ၂၀၊ ၃၀ လောက်ဆို အရင်အတိုင်း ပြန်မြင်ရတော့မယ်တဲ့။ အဲဒါလည်း ကျနော်ရေးဖူးတယ်။

နောက်တခု ဧရာဝတီမှာ ဖြစ်နေတာက လောင်စာ သင်္ဘောတွေပေါ့။ ကသာကနေ အထက်ပိုင်းကို သွားနေတာတွေ။ ကသာမှာ ဆီသိုလှောင်တဲ့နေရာရှိတယ်။ အဲဒီကို ဆီသင်္ဘောတွေ အများကြီးပဲဝင်တယ်။ အဲဒီတော့ မြစ်ပြင်မှာ ဆီယိုဖိတ်မှုတွေပေါ့၊ မြစ်ထဲမှာ ဆီတွေကို ပွနေတာပဲ။ ဧရာဝတီမြစ် ကမ်းနားတလျှောက်ဆိုရင် ဆီဝေ့နေလို့ အဝတ်လျှော်လို့တောင် မရဘူး။ ညစ်ပတ်နေတယ် ပေါ့ဗျာ။ အဓိကက သွားလာနေတဲ့ ကုမ္ပဏီသင်္ဘောကြီးတွေ ကြောင့်ပေါ့။ သူတို့ စည်းကမ်းမရှိလို့ပေါ့။

ကျနော်တို့ မြစ်ရေကတော့ သောက်ရေအဖြစ်က မသုံးသလောက်ကို ရှိသွားပြီ။ အရင်ကတော့ သောက်တယ်။ အခုတော့ သုံးရေလောက်ပဲ၊ နောက်တော့ ချိုးတယ်။ ဧရာဝတီမြစ်ကမ်းတွေမှာ အဝီစိတွင်းတူးတယ်၊ အဲဒီရေကိုတော့ သုံးတယ်ပေါ့။

မေး။ ။ အခုန ပြောသွားတာက သဘာဝပတ်ဝန်းကျင် အနေနဲ့ ထိခိုက်မှုတွေဆိုရင်၊ လူမှုဘဝ ထိခိုက်မှု အနေနဲ့ကော။ ဘာတွေရှိလဲ။

ဖြေ။ ။ လူမှုရေး အခက်အခဲတွေ ရှိတာပေါ့။ ရေလမ်းပေါက်နေတဲ့ နေရာ ရေလမ်း မပေါက်တော့ဘူးဆိုရင် ဒါက အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် ဒါတွေက နယ်စွန်နယ်ဖျားမှာ ဖြစ်နေတယ်၊ ဧရာဝတီမြစ်ဘေးမှာတော့ ဒါမျိုး သိပ်မရှိသေးဘူး၊ လူသိပ် မသိသေးဘူး။ နောက်တခုက ကမ်းပါးပြိုတာပေါ့။ ကမ်းပါးပြိုလို့ ရွာတွေပါသွားတာ ကျနော်တို့ ကသာ ပတ်ဝန်းကျင်မှာ နှစ်တိုင်းလိုပဲ။ ပြီးခဲ့တဲ့ နှစ်ကဆို ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ ပါသွားတယ်။ အဓိကကတော့ မြစ်ကြောင်းတွေ ပြောင်းကုန်တာကြောင့်ရယ်၊ ထိမ်းသိမ်းမှု အားနည်းလို့ရယ်ပေါ့။ နောက် သစ်တောတွေ ပြုန်းကုန်လို့။ ရွှေကျော ရှာနေတဲ့ သူတွေဆိုရင် ဧရာဝတီ မြစ်ထဲက ရေတွေကို ရေစုပ်စက်ကြီးတွေနဲ့ တောင်ပေါ် ဆွဲယူတယ်။ တောင်ပေါ်မှာ မျှောစိုက်တယ်။ အဲဒီတော့ တောင်ကမ်းပါးရံ မှာ ရှိနေတဲ့ မြေတွေ၊ သစ်ပင်တွေအကုန်လုံး မြစ်ထဲပါသွားတယ်။ အဲဒီမှာ မြစ်ကြောင်းတွေ ပြောင်းကုန်တယ်။ တခြားနေရာမှာ မြေပြိုတာတွေ ဖြစ်ကုန်တယ်။ ဒါတွေက မြင်နေရတာပဲ။ ဘယ်သူမှလည်း ဒါတွေကို မတားပါဘူး။ ဒါတွေက နှစ်တိုင်း ဖြစ်နေတာပါ။

Harqli02ကျနော့်အနေနဲ့ မြစ်ဆုံဆည် ဆောက်နေတဲ့ နေရာကိုတော့ မရောက်ဖူးသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေ ပြောနေတာတွေ ကြားရတယ်၊ ဖတ်ရတယ်။ ဒီဧရာဝတီမြစ်ဘေးမှာ နေနေတဲ့သူဆိုတော့ ကြားတာနဲ့တင် ကြက်သီးထတယ်။ ပုံမှန်အချိန် မိုးကြီးတဲ့ ရာသီမှာတောင် ဒီနေ့ မြစ်ကြီးနားမှာ ရေကြီးရင်၊ နောက်နေ့ ကသာမှာ ရေကြီးတာလေ။ ဒီနေ့ ဟိုမှာ ရေကျရင် နောက်နေ့ ကသာမှာ ရေကျတယ်။ အဲဒီတော့ ဒီ ရေလှောင်ကန်ကြီး တခုခုဖြစ်လို့ မြစ်ကြီးနား ရေမြုပ်ရင် နောက်နေ့ ကသာမှာ ရေမြုပ်မှာပဲ။ ဒုက္ခရောက်ကြဦးမယ်။

ကျနော်ကတော့ ဆည်ကိစ္စနဲ့ ပတ်သက်ရင် တတ်နိုင်သလောက် ကိုယ်တတ်တဲ့ ပညာနဲ့ တားဆီးသွားမယ်လို့ ဆုံးဖြတ် ထားတယ်။

မေး။ ။ တဦးချင်းအနေနဲ့ တတ်နိုင်သလောက် လုပ်တဲ့အပြင် ဒီ ဧရာဝတီမြစ်ဆုံဆည် ကန့်ကွက်နေတဲ့ အဖွဲ့တွေ၊ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလဲ။ ဒေသခံတွေကို ပညာပေးတာမျိုးကအစ ဘာတွေ လုပ်နိုင်မယ်ထင်လဲ။ ဘယ်လို ဖြစ်စေချင်လဲ။

ဖြေ။ ။ မြစ်ဆုံဆည် ကန့်ကွက်တဲ့ အဖွဲ့တွေနဲ့ ကျနော်နဲ့က နည်းနည်းတော့ အဆက်ပြတ် နေတယ်ဗျ။ ဒါပေမယ့် တခါတော့ သူတို့ ကသာကို လာတယ်။ သူတို့နဲ့ ကျနော်နဲ့ တွေ့တယ်။ တကယ်တမ်း လူထုကို တန်ဖိုးရှိရှိ ထိထိရောက်ရောက် ပညာပေး တာမျိုးတော့ ဖြစ်စေချင်တယ်ဗျာ။ အပျင်းပြေ လင်းပိုင်ကြည့်ရုံ သက်သက်ထက် ထိထိရောက်ရောက်နဲ့ ဒေသခံတွေကို ပညာပေးစေချင်တယ်။ လက်ကမ်းစာစောင်တွေ ဝေမယ်၊ ဟောပြောမယ် ဆိုတာမျိုးပေါ့ဗျာ။ တကယ်ဖြစ်နေတဲ့ ဟာတွေကို ရေးပြီး မော်တော်ပေါ်မှာ ပြောမယ်၊ စာကပ်မယ်ပေါ့။ အဲဒါမျိုးတွေ လုပ်စေချင်တယ်။

အဲဒီတုန်းက သူတို့အဖွဲ့လာတုန်းကဆို ရုပ်ရှင်မင်းသား ရဲတိုက် ပါတယ်ဗျ။ ရဲတိုက်ဆိုရင် နယ်တွေက၊ ရွာခံတွေက အရမ်းကို သဘောကျ နေကြတာ။ အဲဒီတော့ ရွာတွေမှာ ရဲတိုက်ရဲ့ မျက်နှာ ပြမယ်ဗျာ၊ သူတို့ လွယ်လွယ်ကူကူ လိုက်နာလို့ရမယ့် အချက်ကလေးတွေကို ပြောပြမယ်ဆိုရင် ပိုထိရောက်မယ် ထင်တယ်ဗျ။ ပရိသတ် သိတဲ့သူ တယောက်ယောက်က ပြောရင် ပိုထိရောက်မှာပေါ့ဗျာ။ ဥပမာ - ကျနော်ပြောတယ် ဆိုရင် အခွန်း ၁၀၀ ပြော၊ တခွန်း နားထဲရောက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် သူတို့လို နာမည်ရှိတဲ့သူ တယောက်က ပြောလိုက်ရင် တခွန်းပြော၊ တခွန်း နားထဲကို ဒိန်းကနဲ ရောက်မယ်လေ။ အဲဒီတော့ သူတို့နဲ့ ပူးပေါင်းနိုင်ရင် ပိုကောင်းမယ်။ ကျနော်တို့ ဒေသခံ မီဒီယာ သမားတွေကလည်း တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက်မယ်၊ ကူညီပေးမယ်၊ သူတို့ကလည်း အဲဒီလို နာမည်ရှိပြီး ပရိသတ် သိတဲ့သူမျိုးတွေနဲ့ ပညာပေးမယ်ဆိုရင် ပိုကောင်းတာပေါ့ဗျာ။

မေး။ ။ ကာတွန်းဆရာ တယောက်၊ မြစ်ကမ်းဘေး မြစ်ညာက ဒေသခံ တယောက်အနေနဲ့ အာဏာပိုင်တွေကို တခုခု ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော် ပြောချင်တာ ရှိတယ်ဗျ။ ကမ္ဘာမှာ ထင်ရှားတဲ့မြစ်ကြီးတွေ ရှိတဲ့ထဲမှာ ဒီ ဧရာဝတီမြစ်ကြီးလည်း ပါတယ်။ မြစ်တစင်းက တနိုင်ငံလုံးနဲ့ သက်ဆိုင် နေတယ်ဆိုတာ ဒီ ဧရာဝတီပဲ ရှိတာ။ ဒီတော့ ဒီဧရာဝတီမြစ်ကြီးက တန်ဖိုးရှိတယ်၊ ကျနော်တို့ မြန်မာတွေ ဂုဏ်ယူရတဲ့ မြစ်ကြီး။ ဒါကို ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက် ထိမ်းရမှာ။ ဒါကို အမျိုးသားအကျိုးစီးပွား ဆိုတာနဲ့ ဗန်းပြ ကိုင်ပေါက်ပြီး ပြောနေတာကတော့ ကျနော်တို့ လက်သင့်ခံလို့မရဘူး။

သူတို့က အမျိုးသား အကျိုးစီးပွားလို့ ပြောတယ် ဆိုရင် လူထုက ဘယ်လောက်အထိ အကျိုးစီးပွား ရှိမှာလဲ။ တကယ်တမ်း သူတို့ ပြောသလို ဆိုရင် ကျနော်တို့က ၂၀ ရာခိုင်နှုန်းပဲ ရမှာလေ၊ တရုတ်ကြီးက ၇၀ ရာခိုင်နှုန်းယူသွားမှာ။ ဒါကြီး အောင်မြင်သွားရင် တိုင်းပြည်က တိုးတက်သွားမလား၊ ဖွံ့ဖြိုးသွားမလား၊ ခေတ်မီ နိုင်ငံတော်ကြီး ဖြစ်သွားမလား၊ မဖြစ်ပါဘူး။ နောက်ဆုံးတော့ ဒီကရတဲ့ အသီးအပွင့်က ဘယ်သူတွေစားရမလဲ၊ ဒါတွေ လူတိုင်းလည်းသိနေတာပဲ။

ကျနော်တို့ လုပ်နေတာ နိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသားရေး ဆိုတော့ မောင်နီအစိုးရ ဖြစ်စေ၊ မောင်ဖြူ အစိုးရဖြစ်စေ လူထု အန္တရာယ် ဖြစ်စေမယ့် လုပ်ရပ်မျိုးကို ပြောရမှာပဲ။ အဲဒီလို ပြောတဲ့နေရာမှာ နိုင်ငံရေး လုပ်နေတယ်ဆိုပြီး လက်ညှိုး မထိုးစေချင်ဘူး။ မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ အန္တရာယ်ဖြစ်လာရင် NLD လည်း ဖြစ်မှာပဲ၊ ကြံ့ခိုင်ရေးလည်း ဖြစ်မှာပဲ၊ စစ်တပ်လည်း ဖြစ်မှာပဲ၊ KIO၊ KIA လည်းဖြစ်မှာပဲ။ ဒါ အမျိုးသားအားလုံးနဲ့ ဆိုင်တယ်။ မြစ်ဆုံ စီမံကိန်းကြီး ပျက်သွားလို့လည်း ဒီအစိုးရ ပြုတ်ကျ သွားမှာမဟုတ်ပါဘူး။ ဒါကို ဘာလို့လုပ်ချင်နေရတာလဲ။

ကျနော်ပြောချင် တာကတော့ ကိုယ့်အတ္တနဲ့ယှဉ်ပြီး လူထုဒုက္ခရောက်မယ့် အလုပ်မျိုးတွေ မလုပ်ကြဖို့ တောင်းပန်ချင်တာပါ။ ဒါပါပဲ။ အမျိုးသားအကျိုးစီးပွား မဟုတ်ဘဲ၊ တရုတ် အကျိုးစီးပွားပဲ ဖြစ်တဲ့အတွက်၊ လူထုဆန္ဒကို တောင်းဆိုနေတာ ဖြစ်တဲ့ အတွက် ဒါကိုတော့ လက်လျှော့ပေးပါလို့ ပြောခွင့်ရှိမယ်ဆိုရင် ပြောချင်တယ်ဗျာ။ ။

ဧရာဝတီ Thursday, 22 September 2011 13:59 အင်တာဗျူး

Saturday, September 24, 2011

Save The Irrawaddy



ဦးသိန်းစိန် သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုလာကြတာကတော့" ဆင်းရဲနွမ်းပါးမှု
လျှော့ချရေးနဲ့ ပပျောက်ရေး" ပါပဲ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလည်း ၂၀၁၁ခုနှစ်
မေလ ၂၀-၂၁ရက်နေ့ နေပြည်တော်မှာကျင်ပတဲ့ " ကျေးလက်ဒေသဖွဲ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး" အလုပ်၇ုံ
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးတင်ပြသွားတာတွေ့ရပါတယ်။ သူရဲ့တင်ပြချက်တွေကတော့ လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါး
စိုက်ပျိုးထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံသာမက ပြည်ပကိုတိုးမြှင့်ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုးထုတ်
လုပ်ရောင်းချတဲ့ နိုင်ငံ အဆင့်ကို အရောက်လှမ်းဖို့၊လယ်သမားများကို အခွင့်အရေးကောင်းတွေ ဖန်
တီးပေးဖို့နဲ့ ဈေးကွက်အသစ်ရှာဖွေဖို့ စတဲ့အချက်တွေ ကိုအဓိက အကြံပြုတင်ပြထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကို မြှင့်တင်ရမယ်။ ကမ္ဘာဆန်ထွက် အကောင်းဆုံးနိုင်ငံဖြစ်အောင် ကြိုး စားရမယ်။ လယ်သမားအတွက် အကျိုးစီးပွားတွေဖန်တီးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါက်တာ ဦးမြင့်ရဲ့စာတမ်းမှာ ဧရာဝတီမြစ်ကြီးရဲ့ အရေးကြီးမှုအကြောင်း တစ်လုံးမှမပါတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%ဟာ ဧရာဝတီမြစ်ကြီးကို အားကိုးနေရတာပါ။ ပြီးတော့ မေခနဲ့မလိခ မြစ်နှစ်သွယ်က သယ်ဆောင် လာတဲ့မြေသြဇာကောင်းတဲ့ နုန်းတင်မြေနုတွေကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်နဲ့ မြစ်ညှာပိုင်းက စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့ပေးနေတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ရွာပေါင်းများစွာ ဆပ်ကမ်းပေါင်းများစွာက ဧရာဝတီမြစ်ကြောင်းတလျှောက် ၀ဲယာတဘက်
တချက် မှာတည်ရှိနေပြီး ခရီးသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုအတွက် ဒီမြစ်ကြီးကိုပဲ အားကိုးနေရတာပါ။ ဧရာဝတီမြစ်ကြီး
ရေစီးနှေးသွားပြီး ရေပမာဏနည်းသွားတာနဲ့အမျှ မြစ်ကြီးရဲ့ကမ်းပါးတဘက်တချက်က မြစ်ရေကို အမီပြုပြီးပေါက် နေတဲ့ ဒီရေတောတွေ ပျက်သုန်းမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုန်အဖြစ် အသွင်ပြောင်းလိုက်ပါ လိမ့်မယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူတွေက ကချင်ပြည်နည်မှာရှိတဲ့ မြစ်ဆုံစီမံကိန်းကို အပြင်းအထန်ကန့်ကွက်နေကြပေမယ့် အမှတ်-၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံရေကာတာ စီမံကိန်းကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးလို့ စက်တင်ဘာလ၁၁ရက်နေ့ တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။ စီမံကိန်းအတွက် ဧရာဝတီမြစ်ရေရဲ့ ရ%ကိုသာ ဖမ်းယူသုံးစွဲမှာဖြစ်ပြီး ကျန်တဲ့ ၉၃%
ကိုဆက်လက်စီးဆင်းစေမှာဖြစ်လို့ရေစီးကြောင်း ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း ဆက်လက်ပြောကြားသွားခဲ့ပါတယ်။

မိုးလေ၀သနဲ့ဇလဗေဒ ညွှန်ကြားရေးမှုးချုပ်ဟောင်း ဦးထွန်းလွင်ကလည်းအပြင်းအထန်ကန့်ကွက်ထားပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့် ၁၀စုနှစ်များမှာ မိုးနည်းနိုင်ကြောင်းနဲ့ ဧရာဝတီမြစ်ကိုသာ ပိတ်ဆို့ထားမယ်ဆိုရင် ရေစီးနည်းသွားမယ်။ မြစ်ကျဉ်းပြီး တိမ်ကောလာနိုင်တယ်ဆိုတဲ့ အချက်တွေကို "Save The Irrawaddy" ဟောပြောပွဲမှာ တင်ပြသွားခဲ့ပါတယ်။

တရုတ်နိင်ငံမှာရှိတဲ့ ယန်စီမြစ်ဟာ ကမ္ဘာမှာ ပျောက်ကွယ်သွားတော့မယ့်အမွေအနှစ် ၁၀ ခုထဲမှာ ပါဝင်နေကြောင်းနဲ့ ဧရာဝတီမြစ် ကိုသာ ပိတ်ဆို့ထားမယ်ဆိုရင် ၁၁ခုမြောက်စာရင်းမှာ ပါဝင်လာနိုင်ကြောင်းကိုလည်း တင်ပြသွားခဲ့ပါသေးတယ်။

မြန်မာနိုင်ငံက စာရေးဆရာတွေနဲ့ ဧရာဝတီချစ်သူတွေက သူတို့နိုင်တဲ့အားနဲ့ ကန့်ကွက်နေကြတဲ့အချိန်မှာ ကျွန်မတို့ပြည်ပရောက် ဧရာဝတီချစ်သူတွေကလည်း ကိုယ်နိုင်တဲ့အားနဲ့ ဧရာဝတီကို ကယ်တင်ပေးကြပါလို့ တိုက်တွန်းပါရစေ။